Stage Name ပြောင်းဖို့စဉ်းစားနေတဲ့ SEVENTEEN အဖွဲ့ဝင် S.Coups - Pop Channel

Stage Name ပြောင်းဖို့စဉ်းစားနေတဲ့ SEVENTEEN အဖွဲ့ဝင် S.Coups

SEVENTEENအဖွဲ့ဝင်တွေဟာ အောက်တိုဘာလ (၁၉) ရက်နေ့မှာ ထွက်ရှိလာမယ့် သူတို့ရဲ့ special album “ ; ” (semicolon) မထွက်ရှိခင် အောက်တိုဘာလ ၁၈ ရက်နေ့ ၊ ကိုရီးယားစံတော်ချိန် ညနေသုံးနာရီက #TwitterBlueroom မှာ ပရိသတ်တွေနဲ့ Q & A sessionလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

Q & A session မှာဆိုရင် ပရိသတ်တွေက SEVENTEENရဲ့ live stream အတွင်းမှာ ဖြေပေးစေချင်တဲ့မေးခွန်းတွေကို #ASK_SEVENTEEN ဆိုတဲ့ hashtag သုံးပြီး မေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီ Live Stream အတွင်းမှာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ S.Coups က သူ့ရဲ့ Stage Name နဲ့ပတ်သက်ပြီး အတွေးများနေရတဲ့အကြောင်းပြောပြခဲ့ပါတယ်။ လူတော်တော်များများက သူ့ရဲ့နာမည်ကိုမှားယွင်းခေါ်ဝေါ်ကြတာကြောင့် Stage Nameကို Coups လို့ပဲ ရှင်းရှင်းလင်းလင်းနဲ့ မှတ်မိလွယ်အောင် ပြောင်းလဲသင့်သလားဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့အဖွဲ့ဝင်တွေကတော့ S.Coups ရဲ့ အချိန်အတော်ကြာအသုံးပြုလာခဲ့တဲ့နာမည်ကို စွန့်လွှတ်လိုက်ရမှာ စိတ်မကောင်းစရာပဲလို့ဆွေးနွေးပေးခဲ့ကြပြီး တချို့ကတော့ ဒီကိစ္စဟာ သူကိုယ်တိုင်ဆုံးဖြတ်သင့်တဲ့ကိစ္စတစ်ခုပဲလို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေအားလုံးကတော့ ဒီကိစ္စဟာ သူ့အတွက်ပြဿနာတစ်ခုလိုခံစားနေရပြီး ပြောင်းချင်တဲ့စိတ်ဆန္ဒရှိရင်တော့ ပြောင်းသင့်တယ်လို့ အကြံပေးခဲ့ကြပါတယ်။

S.Coups ဟာ ပရိသတ်တွေနဲ့ အွန်လိုင်းပေါ်ကရတဲ့ နာမည်ပြောင်လေးတွေကို သဘောကျနှစ်ခြိုက်ပေမယ့်လည်း တကယ့် Official Event တွေမှာ မှတ်မိမလွယ်တဲ့နာမည်ကြောင့် မှားခေါ်ခံနေရခြင်းကိုတော့ အဆင်မပြေဘူးလို့ဆိုပါတယ်။ သူဟာ ဒီအနုပညာအသိုင်းအဝိုင်းမှာ ကျင်လည်လာခဲ့တာ ငါးနှစ်တာရှိနေခဲ့ပြီဖြစ်ပေမယ့် ယခုချိန်ထိ သူ့ရဲ့နာမည်ကိုမှားခေါ်နေကြတာကို ကြားရတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်မိတယ်လို့ ပြောပြခဲ့ပါတယ်။

သူဟာ ဒီကိစ္စနဲ့ပတ်သက်လို့ အနည်းငယ်ထပ်ပြီး တိုင်ပင်ဆွေးနွေးသွားပါဦးမယ်လို့ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကရော သူနာမည်ပြောင်းသင့်တယ်လို့ထင်လား ?ဒါမှမဟုတ် ဒီနာမည်ကိုပဲ ဆက်ထိန်းသိမ်းထားသင့်တယ်လို့ ထင်လား ?

ဘယ်လိုပဲဖြစ်ဖြစ် အောက်တိုဘာ ၁၉ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေခြောက်နာရီမှာ ထွက်ရှိမယ့် SEVENTEENရဲ့ Special album ကိုလည်း စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့ဦးနော်။

Mona (Pop Channel)
Source:
koreaboo