အေးစက်ပြီးကြံ့ခိုင်တဲ့ဇာတ်‌ကောင်ပုံစံနဲ့ IU ရဲ့ drama ဇာတ်လမ်းတွဲ My Mister (2018) - Pop Channel

အေးစက်ပြီးကြံ့ခိုင်တဲ့ဇာတ်‌ကောင်ပုံစံနဲ့ IU ရဲ့ drama ဇာတ်လမ်းတွဲ My Mister (2018)

ဒီနေ့မှာတော့ သီချင်းဆိုတဲ့နေရာမှာတင်မဟုတ်ဘဲ သရုပ်ဆောင်တဲ့အပိုင်းမှာပါ ထူးချွန်တဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး IU ရဲ့ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama ဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IU နဲ့အတူ မင်းသားကြီး Lee Sun Kyun က လိုက်ဖက်ညီစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Park Dong Hoon (Lee Sun Kyun) ဟာ ပင်ပန်းခက်ခဲတဲ့ ဘဝကိုယ်စီကိုဖြတ်သန်းနေကြတဲ့ ညီအစ်ကိုသုံးယောက်ထဲက အလတ်ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ သူဟာ အရာရာကို စဉ်းစားချင့်ချိန်ပြီးမှလုပ်တတ်သူပါ။ ထုံပေပေနဲ့ အေးတိအေးစက်နိုင်ပေမယ့် သူချစ်တဲ့သူတွေအတွက်ဆိုရင် ဘာမဆိုပေးဆပ်ဖို့အဆင်သင့်ရှိနေသူတစ်ဦးဖြစ်ပါတယ်။

Lee Ji An ( IU ) ကတော့ ဆွံ့အနားမကြားတဲ့အဘွားကိုတာဝန်ယူနေရပြီး အကြွေးတွေနစ်နေတဲ့ ကြမ်းတမ်းတဲ့ဘဝကို တစ်ယောက်တည်းကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ မိန်းမငယ်လေးတစ်ဦးပါ။ သူဟာ Lee Dong Hoon တို့ကုမ္ပဏီမှာ ယာယီဝန်ထမ်းတစ်ဦးအဖြစ်ရောက်ရှိလာခဲ့ပြီး Lee Dong Hoonရဲ့ ဇနီးနဲ့‌ပတ်သက်နေတဲ့ သူဌေးဆီက Dong Hoon ရဲ့အားနည်းချက်ကိုရှာပေးဖို့အတွက် အမိန့်ပေးခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ Lee Dong Hoon ရဲ့ နွေးထွေးဖော်ရွေမှုတွေကြောင့် သူ့ဘဝရဲ့ပထမဆုံးယုံကြည်မိသူတစ်ဦးအဖြစ်သတ်မှတ်လိုက်မိပါတော့တယ်။

ဒဏ်ရာကိုယ်စီ အခက်အခဲကိုယ်စီနဲ့သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဖေးမကူညီကြမလဲဆိုတာကို နွေးနွေးထွေးထွေးကြည့်ရှုကြရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပါ။ အစပိုင်းမှာ ဇာတ်လမ်းကအေးနေသယောင်ရှိပေမယ့် တဖြည်းဖြည်းနဲ့ဆွဲဆောင်မှုရှိလာတဲ့အပြင် IU ရဲ့ ဇာတ်ကောင်အပေါ်သက်ဝင်မှုကလည်း အရမ်းကြည့်လို့ကောင်းပါတယ်။

ဒီဇာတ်လမ်းတွဲမှာ အပိုင်းအားဖြင့်တော့ (၁၆) ပိုင်းပါဝင်ပြီး Drama ဇာတ်လမ်းကောင်းကောင်း ကြိုက်သူတိုင်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။

Mona (Pop Channel)