Lee Dong Wook, Kim Bum နဲ့ Jo Bo Ah တို့ရဲ့ မြေခွေးလူသား‌ဇာတ်လမ်းတွဲအသစ် Tale of nine tailed (2020) - Pop Channel

Lee Dong Wook, Kim Bum နဲ့ Jo Bo Ah တို့ရဲ့ မြေခွေးလူသား‌ဇာတ်လမ်းတွဲအသစ် Tale of nine tailed (2020)

ဒီတစ်ပတ်မှာတော့ Oct 7 ရက်နေ့ကစတင်ထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေတစ်ခဲနက်ပိုင်ဆိုင်ထားတဲ့ Tale of nine tailed ဆိုတဲ့ မြေခွေးလူသားဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီ ကမ္ဘာလောကကြီးထဲမှာ လှုပ်ရှားသွားလာနေထိုင်နေကြတာ လူသားတွေချည်းလို့ ထင်နေပါသလား။ ဒါဆိုရင်တော့ မှားသွားပါပြီ။ လူမဟုတ်တဲ့ဖြစ်တည်မှုတွေဟာလည်း လူသားတွေနဲ့အတူရောနှောနေထိုင်နေကြပါတယ်တဲ့။ မြေခွေးတွေဟာ နှစ်တစ်ရာသက်တမ်းရှိလာရင် လူအဖြစ်ပြောင်းလဲခွင့်ရပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိလာရင်တော့ နတ်မြေခွေးတွေဖြစ်သွားပါသတဲ့။

အီယွန်းဟာ သက်တမ်းတစ်ထောင်ကျော်နေတဲ့ အမြီးကိုးချောင်းနတ်မြေခွေးတစ်ယောက်ဖြစ်ပြီး အလွန်အစွမ်းထက်ပေမယ့်လည်း ချစ်ရတဲ့မိန်းကလေးကိုကယ်တင်ခဲ့တဲ့ အဖိုးအခအနေနဲ့ စစ်သည်တစ်ဦးအဖြစ် အထက်ကအမိန့်တွေကို ဆောင်ရွက်ပေးနေရသူပါ။ တစ်နေ့မှာတော့ နမ်ဂျီအာဆိုတဲ့ ကလေးမလေးတစ်ဦးကို အသက်အန္တရာယ်ကနေ ကယ်တင်ပေးခဲ့ပြီး မှတ်ဉာဏ်တွေကိုဖျက်ပစ်ခဲ့ပါတယ်။

နှစ်ဆယ့်တစ်နှစ်ကြာပြီးတဲ့အခါမှာတော့ နမ်ဂျီအာဟာ “ဖုံးကွယ်ထားသော ဒဏ္ဍာရီ”ဆိုတဲ့ အစီအစဉ်ရဲ့ PD တစ်ဦးဖြစ်လာခဲ့ပါတယ်။ နမ်ဂျီအာတစ်ယောက် သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်နေတာ ဘာလို့များဖြစ်မလဲ။ အီယွန်းနဲ့ ပြန်လည်‌‌ဆုံတွေ့တဲ့အခါမှာ သူမှတ်မိနေမလား။ အစ်ကိုနဲ့လုံးဝမတည့်တဲ့ နှစ်ခြောက်ရာ မြေခွေးလေး အီရန်းကရော ဘယ်လိုတွေပါဝင်ပတ်သက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Fantasy ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာဆိုရင် သေမင်းဦးလေးကြီးအဖြစ် လူသိများတဲ့ Lee Dong Wook ၊ F4 မင်းသားလေးတစ်ဦးဖြစ်တဲ့ Kim Bum နဲ့ မင်းသမီးချောလေး Jo Bo Ah, တို့လို နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ အခြားဝါရင့်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Lee Dong Wook နဲ့ Kim Bum တို့ဟာ ပျောက်ကွယ်နေတာကြာပြီဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာ အတူတကွ ပေါ်ထွက်လာခဲ့ကြတာကြောင့် သူတို့ရဲ့ပရိသတ်တွေအနေနဲ့တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။ အပတ်စဉ် ဗုဒ္ဓဟူး ၊ ကြာသပတေးနေ့တိုင်းမှာ TVN ကနေ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး စုစုပေါင်း (16) ပိုင်း ပါဝင်မှာဖြစ်ပါတယ်။

Mona (Pop Channel)