နိုင်ငံကိုယ်စားပြု အားကစားသမားအဖြစ်ကနေ နိုင်ငံတကာမှာကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တဲ့ GOT7 အဖွဲ့ဝင် Jackson ရဲ့ဘဝခရီးလမ်း (ဆောင်းပါးရှည်) - Pop Channel

နိုင်ငံကိုယ်စားပြု အားကစားသမားအဖြစ်ကနေ နိုင်ငံတကာမှာကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တဲ့ GOT7 အဖွဲ့ဝင် Jackson ရဲ့ဘဝခရီးလမ်း (ဆောင်းပါးရှည်)

“အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အိပ်မက်ကို လက်လျှော့ပြီး GOT7 အဖွဲ့ဝင်တစ်ယောက်အနေနဲ့ စင်မြင့်ပေါ်မှာ ရပ်ခဲ့တဲ့ Jackson ရဲ့အကြောင်းကို ဖော်ပြပေးသွားမှာပါ”

ပရိသတ်တွေဟာ Jackson ကို GOT7 အဖွဲ့ဝင်ရဲ့ အဓိက ရက်(ပ်)ပါတစ်ယောက်၊ အကတော်တဲ့သူတစ်ယောက်၊ face of GOT7 အနေနဲ့ သိထားကြမှာပါ။ ဒါပေမယ့် ဒီလို နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အတွက် သူဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘဝခရီးရှည်ကို ဖြတ်သန်းခဲ့ရပါတယ်။ ADHD (အာရုံစူးစိုက်၍မရနိုင်သည့် ရောဂါ) ကို ခံစားနေရတဲ့ ကလေးတစ်ယောက်ဘဝကနေ နိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက် သူဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Jackson ဟာ ကိုရီးယားစကားကို ကောင်းကောင်းပြောနိုင်ပေမယ့် ဟောင်ကောင်ကနေတောင်ကိုရီးယားကို လာရောက်ပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး အားကစားသမားဖြစ်တဲ့ မိဘတွေကနေ ၁၉၉၄ ခုနှစ် မတ်လ ၂၈ ရက်နေမှာ မွေးဖွားပေးခဲ့ပြီး မိဘတွေက သည်းည်းလှုပ်ချစ်ရတဲ့သူတစ်ယောက်ပါ။

Jackson ရဲ့ ဖခင်ဖြစ်သူဟာ fencer (ဓားရေးပြကျွမ်းကျင်သူ အားကစားသမား) တစ်ယောက်ဖြစ်ပြီး the Asian Games မှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ဖြစ်သူဟာလည်း ကျွမ်းဘားအားကစားမယ်တစ်ယောက်ဖြစ်တဲ့အတွက် အားကစားနဲ့ပတ်သက်ရင် စိတ်အားထက်သန်တဲ့ သူ့ရဲ့ဗီဇဟာ မိဘတွေဆီက အမွေရတဲ့အရာတစ်ခုလို့ ပြောလို့ရပါတယ်။

ဒီလိုမျိုး အားကစားသမားတွေဖြစ်တဲ့ မိဘနှစ်ပါးကနေ ဆင်းသက်လာတဲ့ Jackson ဟာ သူ့ရဲ့အမေလိုပဲ အသက်ငယ်ရွယ်တဲ့ အချိန်ကတည်းကစပြီး ကျွမ်းဘားအားကစားကို စတင်လေ့ကျင့်သင်ယူခဲ့ပါတယ်။

ဒါပေမယ့် ကျွမ်းဘားအားကစားဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပေါ်မှာ သက်ရောက်မှု အများအပြားရှိတဲ့အားကစားဖြစ်တဲ့အတွက် Jackson တစ်ယောက်အရပ်မရှည်လာတော့မှာကို ကြောက်တဲ့ သူ့ရဲ့မိဘတွေဟာ ဓားရေးပြအားကစားကို အသက် ၁ဝ နှစ်အရွယ်မှာ ကျွမ်းဘားအားကစား အစား စတင်လေ့ကျင့်စေခဲ့ကြပါတယ်။

ရွှေတံဆိပ်ဆုရှင် ဖခင်ဖြစ်သူနဲ့ အရည်အချင်းပြည့်ဝတဲ့ နည်းပြတွေရဲ့ သင်ကြားပေးမှုကြောင့် Jackson ဟာ ဆုတံဆိပ်တွေအများကြီးသိမ်းပိုက်နိုင်တဲ့ ဓားရေးပြအားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁ဝ ခုနှစ် နွေရာသီလူငယ် အိုလံပစ်မှာ သူဟာ အဆင့် ၁၁ ရခဲ့တဲ့အထိ ဓားရေးပြအားကစားနည်းမှာ ကျွမ်းကျင်ခဲ့တာပါ။

အားကစားမှာ ထူးချွန်တဲ့ သူဟာ ကျောင်းစာမှာတော့ အရမ်းကြီးမထူးချွန်ခဲ့ရှာပါဘူး။ ကလေးဘဝမှာ အများသူငှာလိုပဲ အစိုးရ စာသင်ကျောင်းကို တက်ရောက်ခဲ့တဲ့ သူ့ကို ကျောင်းက ဆရာ/ဆရာမတွေက လိုအပ်တာထပ်ပိုပြီး သွက်သွက်လက်လက်ရှိကာ စကားများတဲ့ကလေး၊ အာရုံစူးစိုက်နိုင်စွမ်းမရှိတဲ့ကလေးတစ်ယောက်လို့ သတ်မှတ်ခဲ့ကြပါတယ်။

အဲ့ဒီအကြောင်းရင်းတွေကြောင့် Jackson ရဲ့ဆရာဖြစ်သူက Jackson ဟာ ADHD ( လိုအပ်တာထက် ပိုမိုသွက်လက်ပြီး အာရုံစူးစိုက်နိုင်ခြင်းမရှိသော ရောဂါ) ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ ထင်ကြေးပေးခဲ့ပြီး သူ့ရဲ့မိဘတွေကို ဒီလို အခြေအနေမျိုး ခံစားနေရတဲ့ Jackson ကို ရိုးရိုးအစိုးရကျောင်းမှာ ထားတာထက် international school တစ်ခုခုမှာထားတာက ပိုပြီး အဆင်ပြေစေပါလိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။

အဲ့ဒီအကြံပေးမှုကြောင့် Jackson ဟာ သူ့လိုမျိုး ADHD အခြေအနေရှိနေတဲ့ ကျောင်းသားအများအပြား တက်ရောက်တဲ့ the American International School Hong Kong မှာ တက်ရောက်ခဲ့ပြီး တစ်ဖက်မှာလည်း ဓားရေးပြအားကစားကို ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။

ဓားရေးပြအားကစားဟာ သူ့ရဲ့ ဘဝတစ်လျှောက်လုံးအတွက် လုပ်သွားရမယ့် အရာတစ်ခုလို့ ထင်နေခဲ့တဲ့ Jackson ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ JYP Entertainment ကိုယ်စားလှယ်တစ်ယောက်က သူတက်နေတဲ့ နိုင်ငံတကာကျောင်းကို လာရောက်လည်ပတ်ခဲ့တဲ့ အချိန်မှာ သူ့ရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားတော့မယ်ဆိုတာကို သိခဲ့မှာမဟုတ်ပါဘူး။

အသက် ၁၆ နှစ်အရွက် Jackson ဟာ သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘော ကစားနေခဲ့တာဖြစ်ပြီး JYP Entertainment ရဲ့ ကိုယ်စားလှယ်ဟာ Jacksonရဲ့ ရုပ်ရည်ချောမောမှုကို တွေ့မြင်ခဲ့ပါတယ်။

Jackson ရဲ့ပြောပြချက်အရ အဲ့ဒီကိုယ်စားလှယ်ဟာ သူ့ကို ခေါ်ခဲ့ပြီး နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ချင်ရင် JYP Entertainment က Kowloon မှာ လူတွေ့စစ်ဆေးပွဲလုပ်နေတာမို့ လာခဲ့ပါလို့ တိုတိုနဲ့လိုရင်းကို ပြောသွားခဲ့တယ်လို့ သိရပါတယ်။

JYP Entertainment ကို BIGBANG အဖွဲ့ရဲ့ အေဂျင်စီလို့ ထင်ခဲ့တဲ့ Jackson ဟာ လူတွေ့စစ်ဆေးမှုကို သွားရောက်ဖြေဆိုခဲ့ပါတယ်။ Jackson ဟာ BIGBANG အဖွဲ့ကို ကျောင်းက တောင်ကိုရီးယားလူမျိုးသူငယ်ချင်းယောက်ကြောင့် သိခဲ့တဲ့ဖြစ်ပြီး ဒီအဖွဲ့ရဲ့အေဂျင်စီက ငါ့ကို စိတ်ဝင်စားပြီး လူတွေ့ဖြေဖို့ ခေါ်တာပဲ ဆိုတဲ့အတွေးနဲ့ ပျော်ရွှင်ခဲ့တယ်လို့ သိရပါတယ်။

လူတွေ့စစ်ဆေးပွဲကို လာရောက်ဖြေဆိုတဲ့သူ အယောက် ၂၀၀၀ ကျော်ရှိခဲ့ပေမယ့် သူဟာ ပထမနေရာကို ရရှိခဲ့ပြီး ၂၀၁၀ ဒီဇင်ဘာလမှာ JYP Entertainment ရဲ့လူတွေ့စစ်ဆေးပွဲကို အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အားကစားသမားတစ်ယောက်အနေနဲ့ အသက်မွေးမလား၊ Idol တစ်ယောက်ဖြစ်ချင်သလားဆိုတဲ့ ရွေးချယ်မှုကို ပြုလုပ်ရပါတော့တယ်။

အစပိုင်းမှာ Jackson ရဲ့မိဘတွေဟာ အနုပညာလောကထဲကို ဝင်ချင်တဲ့သူ့ရဲ့ အိပ်မက်ကို ဆန့်ကျင့်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့မိခင်ဟာ K-Pop idol တစ်ယောက်ဖြစ်ချင်ရင် အာရှတိုက်ရဲ့ အတော်ဆုံး ဓားရေးပြကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင်လုပ်ပါ။ ဒါဆို ခွင့်ပြုပေးမယ်လို့ အပေးအယူလုပ်ခဲ့ပါတယ်။

တော်ရုံလူဆို ဒီစကားကြောင့် လက်လျှော့သွားမှာ ဖြစ်ပေမယ့် Jackson ကတော့ လက်မလျှော့ခဲ့ဘဲ လူတွေ့စစ်ဆေးမှုကို အောင်မြင်ပြီးတဲ့နောက်မှာ ဓားရေးပြအားကစားကို ဆက်လက်လေ့ကျင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ the Asian Junior နဲ့ Cadet Fencing Championship နှစ်ခုလုံးမှာ ရွှေတံဆိပ်ရယူပြနိုင်ခဲ့ပါတယ်။

အဲ့ဒီလို ရွှေတံဆိပ်ရခဲ့တာကြောင့် ဂုဏ်ရှိန်ကြီးမားတဲ့ Standard University in California ရဲ့ စကောလားရှစ်ပေးပြီး ကျောင်းဓားရေးပြအဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းတာကို ခံခဲ့ရပြန်ပါတယ်။

ဒါပေမယ့် အနုပညာအလုပ် လုပ်ဖို့အတွက် သူ့ရဲ့ စိတ်အားထက်သန်မှုကိုသိတဲ့ Jackson ဟာ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ အသက် ၁၇ နှစ်အရွယ်မှာ တောင်ကိုရီးယားကို လေ့ကျင့်သင်တန်းဆင်းဖို့အတွက် သွားရောက်ခဲ့ပါတယ်။

လူတွေ့စစ်ဆေးပွဲမှာ ပထမအဆင့်ရခဲ့ပေမယ့် သီချင်းဆိုတာနဲ့ အက ကတဲ့အရာတွေမှာ အခြေခံတောင်မသိသေးတဲ့ Jackson ဟာ JYP Entertainment မှာတော့ သုညကနေပြန်စလေ့ကျင့်ရပါတော့တယ်။

အခြားသင်တန်းသားတွေရဲ့ အကအရည်အချင်းနဲ့ အဆိုအရည်အချင်းတွေကို အမီလိုက်ဖို့အတွက် သူဟာ နေ့တိုင်းအခြားသင်တန်းသားတွေထက် ၆ နာရီပိုလေ့ကျင့်ခဲ့ပါတယ်။

ဒီလို ဇွဲရှိရှိနဲ့ ကြိုးစားတာကြောင့် အသက် ၂ဝအရွယ်၊ လေ့ကျင့်သင်တန်းဆင်းတာ ၂ နှစ်ပဲ ကြာသေးတဲ့အချိန်မှာ GOT7အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်နိုင်ခဲ့ပါတယ်။ GOT7 အဖွဲ့ဟာ “Girls Girls Girls” သီချင်းနဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး boy group တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။

Jackson ဟာ ဂီတလောကမှာ နာမည်တစ်ခုရရုံနဲ့တင် ကြိုးစားတာကို မလျှော့လိုက်ဘဲ ရသစုံလင်အစီအစဉ်တွေမှာလဲ တက်သစ်စ အနုပညာရှင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ SBS Entertainment Awards Rookie ဆုကို ရယူနိုင်ခဲ့ပါတယ်။

ဟောင်ကောင်ဇာတိဖွားဖြစ်တဲ့ Jackson ဟာ မိခင်ဘာသာစကားဖြစ်တဲ့ Chinese စကားကိုလည်း ကျွမ်းကျင်စွာပြောနိုင်တာကြောင့် တရုတ်ရုပ်သံအစီအစဉ်နဲ့ ရသစုံလင်အစီအစဉ်တွေမှာလည်း တက်တက်ကြွကြွပါဝင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ Jackson ဟာ သူ့ကို သီးသန့်စီမံခန့်ခွဲပေးတဲ့အဖွဲ့ဖြစ်တဲ့ Team Wang ကိုရရှိခဲ့ပြီး တရုတ်ဘာသာစကားနဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ထုတ်ဝေနိုင်ခဲ့တဲ့ အပြင် အင်္ဂလိပ်ဘာသာစကားနဲ့ သီချင်းတစ်ပုဒ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ Pepsi, Adidas နဲ့ Lenovo ကုန်ပစ္စည်းတွေရဲ့ အနုပညာရှင်သံတမန်တစ်ယောက်အနေနဲ့လဲ ခန့်အပ်ထားခြင်းကို ခံထားရတဲ့သူပါ။

လတ်တလောမှာပဲ သူဟာ Team Wang Design ဆိုတဲ့ ဖက်ရှင်အမှတ်တံဆိပ်ကိုတည်ထောင်နိုင်ခဲ့ပြီး ဒီအမှတ်တံဆိပ်ရဲ့ Creative Director တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဒီလိုမျိုး အောင်မြင်မှုရခဲ့ဖို့အတွက် ပျော်ပျော်နေတတ်တဲ့ သူ့ရဲ့ ဘဝလမ်းခရီးဟာ လွယ်ကူခဲ့တာမဟုတ်ပေမယ့် ကြိုးစားရင်ဆိုင်တဲ့သူ့အတွက် iGOT7 တွေကတော့ အမြဲ ဂုဏ်ယူနေမှာပါပဲ။

Yenin Phawah (Pop Channel)
Source: koreaboo